အသက် ၆၀ ကျော်ရင် ကျောက်ကပ်မလဲသင့်တော့ဘူးလား
ကျောက်ကပ်အစားထိုးကုသမှုကို အများက သိထားတာကတော့ ကျောက်ကပ်လဲတယ်လို့ပေါ့။ ကျောက်ကပ်ရောဂါ ရှိမယ်ဆိုရင် အရင်ဆုံး ကျောက်ကပ်ဆေးကြပါတယ်။ ဒီလို ဆေးတာက ရေရှည်မှာ လူပင်ပန်းသလို ကျောက်ကပ်ဆေးရတဲ့ အကြိမ်ရေကလည်း ပိုစိတ်လာသလို ပြန်လည်ကျန်းမာလာနိုင်ခြေကလည်း အတော်လေး နည်းပါတယ်။ ဒါကြောင့် ကျောက်ကပ်ရောဂါ ခံစားနေရသူ အများစုဟာ နောက်ဆုံးမှာ ငွေကြေးလည်း တတ်နိုင်တယ်ဆိုရင် ကျောက်ကပ်လဲဖို့ ရွေးချယ်ကြပါတယ်။
ကျောက်ကပ် ဘာကြောင့်များ ပျက်စီးရသလဲ?
ကျောက်ကပ်ပျက်စီးမှုကို အဓိကဖြစ်စေတဲ့ အကြောင်းအရင်းတွေကတော့ ရောဂါအခံ တစ်ခုခု ရှိတာကြောင့်ပါ။ ကျောက်ကပ်ပျက်စီးမှုကို အများဆုံးဖြစ်စေတဲ့ အကြောင်းအရင်းကတော့ ဆီးချိုရောဂါ ရှိနေတာ၊ သွေးတိုးရောဂါ ရှိနေတာ၊ ကျောက်ကပ် ပုံစံ မမှန်တာ၊ ကျောက်ကပ်ရောဂါ ခံစားရဖူးတဲ့ မျိုးရိုးရှိတာ၊ အကိုက်အခဲပျောက်ဆေးတွေ အသောက်များတာ၊ မူးယစ်ဆေး သုံးတာ၊ ရေသောက်နည်းလွန်းတာတွေကြောင့်ပါ။ ကျောက်ကပ်လဲရသူ အများစုကတော့ ဆီးချိုရဲ့နောက်ဆက်တွဲ ကျောက်ကပ်ပျက်စီးမှုကြောင့်ပါ။
ကျောက်ကပ်လဲတာက လွယ်ကူသလား?
ကျောက်ကပ်လဲတာက လွယ်ကူသလားဆိုတော့ မလွယ်ကူပါဘူး။ ကျောက်ကပ် အစားထိုးကုသမှု ခံယူတော့မယ်ဆိုရင် အရင်ဆုံး လိုအပ်တဲ့ ဆေးစစ်မှုတွေကို ခံယူပြီး ကျောက်ကပ်ပေးမယ့် အလှူရှင်ကို စောင့်ဆိုင်းရပါတယ်။ ကိုယ်နဲ့ကိုက်ညီမယ့် ကျောက်ကပ် မရမချင်း ကျောက်ကပ်ဆေးရင်း စောင့်ရတာပါ။ မိသားစုဝင်အချင်းချင်း ပေးလှူလို့ ရသလို သွေးသာမတော်စပ်ပေမယ့်လည်း ကိုက်ညီမှု ရှိသူက ပေးလှူလို့ ရပါတယ်။
ကျောက်ကပ်က အစားထိုးမှု အောင်မြင်နိုင်ခြေက များတယ်ဆိုပေမယ့် အခန့်မသင့်တဲ့ အခြေအနေမျိုးမှာ ခန္ဓာကိုယ်က ကျောက်ကပ်အသစ်ကို လက်မခံဘဲ ပြင်းပယ်တာမျိုးလည်း ရှိနိုင်ပါတယ်။ ဒီအခြေအနေကတော့မအောင်မြင်ဘူးလို့ပဲ ဆိုရမှာပါ။
ကျောက်ကပ်က လူကြီးတွေပဲ လဲရတာလား?
ကျောက်ကပ်လဲတာက လူကြီးတွေမှာပဲ လဲရတာမျိုး မဟုတ်ပါဘူး။ လူငယ်တွေမှာလည်း ဖြစ်နိုင်ပါတယ်။ မွေးကနည်းက ဆီးချိုပါလာတာ၊ သွေးတိုးရှိနေတာမျိုးတွေဆိုရင်လည်း သေချာ ဂရုမစိုက်မိတာကြောင့် ကျောက်ကပ်ပျက်စီးသွားမယ်ဆိုရင် ကျောက်ကပ်လဲဖို့ လိုမှာပါ။
အသက်ကြီးရင် ကျောက်ကပ်မလဲသင့်တော့ဘူးလား?
အခုတလော ကြားနေရတာက ကျောက်ကပ်သွားလဲတာ အသက်ကတော့ ၆၀ ကျော်ပေါ့။ အစားထိုးတာ အောင်မြင်တယ်လည်း ပြောတယ် ဒါပေမယ့် ကျန်းမာလာတဲ့အဆင့် မရောက်လိုက်ဘဲ ဆုံးပါးသွားကြတယ်။ ဒါဆိုရင် အသက် ကြီးရင် ကျောက်ကပ် မလဲသင့်တော့ဘူးလား? ဒီအတိုင်းနေရင်မှ အသက်ရှည်ချင်ရှည်မယ် သွားလဲမှ ဆုံးသွားရတယ်ဆိုတာမျိုးတွေပါ။
ကမ္ဘာတလွှားမှာ ကျောက်ကပ်အစားထိုး ကုသမှု ခံယူသူဦးရေ ၄၀ ရာခိုင်နှုန်းကျော်က အသက် ၆၅ နှစ်အထက်တွေပါ။ ဒီအရေအတွက်ဟာ နေ့စဉ်နဲ့ အမျှလည်း မြင့်တက်နေဆဲပါ။ ကျောက်ကပ် အစားထိုးကုသမှုက ကျောက်ကပ်ဆေးတာထက် အသက်ရှင်နိုင်ခြေ ပိုများတာကြောင့်လည်း ပါပါတယ်။
အသက် ၆၀ အထက် ၆၅ နှစ် နဲ့ ၇၅ နှစ် အထက်တွေမှာ ကျောက်ကပ် အစားထိုးကုသမှုက အောင်မြင်နိုင်ခြေ နည်းတယ်ဆိုတာမျိုး သိပ်မရှိပေမယ့် ဒီအရွယ်မှာ ကျောက်ကပ် အစားထိုး ကုသမှု ခံယူမယ်ဆိုရင် ပုံမှန်ထပ် ပိုပြီး ကျန်းမာရေး စောင့်ရှောက်မှု ရရှိဖို့ လိုပါမယ်။
အသက်အရွယ်ကြီးရင့်သူတွေက ခံနိုင်ရည် နည်းလာတာ မှန်ပေမယ့် ကျောက်ကပ်လဲပြီးချိန်မှာ ကျောက်ကပ်ကို ခန္ဓာကိုယ်က လက်မခံလို့ ဆုံးပါးတဲ့ နှုန်းထက် နောက်ဆက်တွဲ ပိုးဝင်တာနဲ့ ကူးစက်ရောဂါတွေ ဝင်တာကြောင့် အသက်ဆုံးရှုံးတာက ပိုများပါတယ်။
အချို့သူတွေမှာတော့ နှလုံးရောဂါကိုပါ ခံစားနေရတာကြောင့် ကျောက်ကပ်လဲပြီးချိန်မှာ နှလုံးထဖောက်ပြီး အသက်ဆုံးရှုံးကြရပါတယ်။ ဒါကြောင့် အသက်ကြီးရင့်လာချိန်မှာ ကျောက်ကပ်အစားထိုး ကုသမှု ခံယူမယ်ဆိုရင် နောက်ပိုင်း ကျန်းမာရေး စောင့်ရှောက်မှုကို သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။
ကျောက်ကပ်အစားထိုး ကုသမှု ခံယူချိန်မှာ ခန္ဓာကိုယ်က ပြင်ပကနေ ရောက်ရှိလာတဲ့ ကျောက်ကပ်အသစ်ကို လက်ခံနိုင်ဖို့အတွက် ကိုယ်ခံအားကို ချထားရပါတယ်။ ဒီအခြေအနေက ပြင်ပက ရောဂါပိုးတွေ ကူးစက်ခံရနိုင်ခြေ များပြီး ရောဂါပိုးဝင်ကူးစက်ခံရမှုကြောင့် အသက်ဆုံးရှုံးရတာ များပါတယ်။
အချုပ်အနေနဲ့ ပြောရမယ်ဆိုရင်တော့ ကျောက်ကပ်အစားထိုး ကုသပြီးချိန်မှာ အသက်ဆုံးရှုံးရတာက အသက်အရွယ်ကြီးရင့်မှုကြောင့် ဆိုတာထက် ကိုယ်ခံအား နည်းနေချိန်မှာ ရောဂါပိုးဝင်ရောက် ကူးစက်တာ၊ နှလုံးဖောက်တာ၊ ခွဲစိတ်မှုနောက်ပိုင်းမှာ လုံလောက်တဲ့ ကုသမှု မရရှိတာ၊ ကျန်းမာရေးစောင့်ရှောက်မှု စနစ်အားနည်းတာနဲ့ ခန္ဓာကိုယ်က ကျောက်ကပ်အသစ်ကို လက်မခံဘဲ ပြင်းပယ်တဲ့အခြေအနေမျိုးတွေကြောင့်ပါ။ ဒါကြောင့် ကျောက်ကပ် အစားထိုး ကုသမှု မခံယူခင်မှာ တတ်သိနားလည်သူတွေနဲ့ သေချာလေး တိုင်ပင်ဖို့ လိုသလို after care အတွက်လည်း စိတ်ချရတဲ့ ကုသမှုရရှိစေဖို့ သေချာလေး စိစစ်စေချင်ပါတယ်။
မွန်မွန်